Saturday, 12 May 2012

နှောင်းသည့်နေ့

နှောင်းသည့်နေ့

နှင်းဆီလမ်းခွဲ၊ အလွမ်းသည်းချိန်
ပန်းကြဲခဲ့သူ၊ လှည့်ယူကောက်ပြန်၊
တယောက်ထံမှ၊ နောက်ပြန်အကြည့်၊
ရောက်ဟန်ရှိဆဲ၊ ငြိမြဲသံစဉ်၊
တဖန်ဝင်ညှိ၊ သခင်သိပါ၊
မြင်မိမြင်စေ၊ အရင်နွေည၊
ကဝေမပျို၊ ထွေက,ငိုမော၊
မလိုသောကြိုး၊ ဖြတ်ချိုးရိုက်ဖျက်၊
အသွားထက်သည့်၊ ညဉ့်နက်စူးရှ၊
ဘီလူး က,သီ၊ ရီ(ရယ်)သံချောက်ခြား၊
နောက်ပါးမှအသံ၊ ပဲ့တင်ညံစီ၊
လျှံဟီမြည်ချုန်း၊ ပျောက်ဆုံးသွားရာ၊
သစ္စာတမျှင်၊ သံယောဇဉ်လမ်း၊
နှောင်ငင်ကြမ်းအို၊ အလွမ်းပိုလည်း၊
မလိုသည့်ငြမ်း၊ ဖျက်စတမ်းလေ၊
မျက်ကန်းအသိ နှောင်းသည့်နေ့။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျား ...

ဟယ်ရီလွင်

Read More...

Saturday, 28 April 2012

သူခိုး Wikimyanmar

သူခိုး Wikimyanmar

http://wikimyanmar.co.cc/wiki/index.php?title=%E1%80%9C%E1%80%80%E1%81%A4%E1%80%AC

 Wikimyanmar ထဲမှာ ဖော်ပြထားတဲ့ အဲဒီ လင်္ကာအကြောင်းဟာ ကျနော် ရေးထားတဲ့ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁) ထဲက လင်္ကာ အပိုင်းကို လုံးဝ credit မပေးဘဲ ခိုးယူဖော်ပြထားခြင်းဖြစ်ပါကြောင်း ...

မူရင်းပို့စ်ကို အောက်မှာ သွားဖတ်ပြီး ယှဉ်ကြည့်နိုင်ပါတယ် ...
 http://harrylwin.blogspot.com/2008/08/blog-post_26.html

 ဟယ်ရီလွင်

Read More...

Tuesday, 17 April 2012

နှစ်ကူးတမ်းတလွှာ

နှစ်ကူးတမ်းတလွှာ

ဝေဆာလေမှာ နွေခါရောက်တော့၊
ရွှေဝါပိတောက် သင်းပျံ့ချီ၊
မြေမှာတလျှောက် ခင်းဖြန့်သီတယ်၊
ဝင်းဖန့်ရီရီ ပိတောက်လမ်း၊
မှန်းဆတမ်းတ လွမ်းရပါသည်၊
လန်းကြခါမီ နှစ်ကူးရာသီပန်း။

ရှေးဖြစ်တွေးစစ် ဝေးရစ်ကြာပြီ၊
လေးနှစ်ရာသီ အတာနန်း၊
ဆွေးရစ်ကာသီ ကဗျာတမ်းလို့၊
တခါအလွမ်းဆင့်ကာဖြေ၊
စိတ်မှာရိပ်ဖြာ လိပ်ပြာလွှင့်၊
မှိတ်ကာတဆင့် လွင့်မျောတ,လို့နေ။

တွေးကြည့်ဝေးဘိ အေးသည့်အတာရေ၊
မွေးမိဌာနေ သင်္ကြန်ပွဲနဲ့၊
အဖန်ဖန်ပဲ နွှဲလို့အရင်ခါ၊
လွဲလို့ မရွှင်ပါ၊
တူးပို့မြူးဖို့ ပိတောက်ဝါရယ်၊
မရောက်တကမ္ဘာ ကြာလွန်းပြီထင့်လေး။ ။


ရှစ်ဆယ်ပေါ်တေးထပ် ရေးကြည့်လိုက်တာပါ ... ရေးတဲ့သူ တော်တော်လေး နည်းနေပါပြီ ... မတွေ့ရတော့ သလောက်ပါပဲ ...
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ခင်ဗျား ...

ဟယ်ရီ

Read More...

Sunday, 15 April 2012

ပြည့်တန်ဆာအကြောင်း ရွဲ့စောင်းစောင်း ကဗျာ

ပြည့်တန်ဆာအကြောင်း ရွဲ့စောင်းစောင်း ကဗျာ

ကျနော် ခပ်ငယ်ငယ် အသိမကြွယ်သေးချိန်
မန္တလေးနဲ့ အလှမ်းဝေးလွန်းတဲ့အရပ်
နေ့ကလေးအမှတ်လို ချစ်စရာကောင်းလှတဲ့
ဗမာမလေးတယောက်ကို နှလုံးသားပုံအပ်။

ရွှေဝါရောင်အသားနဲ့ ဖိတ်ဖိတ်လက် မဟူရာဆံနွယ်
သွားလေးတွေက ဆင်စွယ်ရောင်ပမာ
ကျနော် ပြောလိုက်မိတာက ... “ငွေစ နှစ်ဆယ် ပေးမယ်
မိန်းကလေးရယ် ... ကိုယ်နဲ့ လိုက်အိပ်ပါ”

အကြည့်တချက် ... စင်ကြယ်လွန်း ကြေကွဲစရာကောင်းလွန်းလှ
ရှင်သန်နေတဲ့ ချစ်ဖို့အကောင်းဆုံးအရာကွယ့်
သည့်နောက်မှာ မသဲမကွဲ သူ့ အပျိုစင်အသံ
နှစ်ဆယ့်ငါးစ ရမှ လို့ တင်းခံနေလေရဲ့ ...

Eric Blair (George Owell)Ironic Poem about Prostitution ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ခိုင်စိုးလင်းလုပ်တဲ့ "အပြာရောင်ဝန်ဆောင်မှု (Bluish Business)" စာအုပ်အတွက် ရေးပေးထားတဲ့ ကဗျာပါ ... ခပ်ရှင်းရှင်းပြောရရင်တော့ "ဖာ" အကြောင်းချည်းရေးထားကြတာပါ ...

ဖတ်ချင်ရင် ဒီမှာ Download ဆွဲယူလို့ရပါတယ် ...

http://www.mediafire.com/?2zmblq2hqocy4qt

ဟယ်ရီလွင်

Read More...

Thursday, 29 March 2012

နေ့အလင်းနဲ့ လမင်းရောင်

နေ့အလင်းနဲ့ လမင်းရောင်

Henry Wadsworth Longfellow ရဲ့ ကဗျာနောက်တပုဒ် ဒေါ်လေးမေ (မေဓာဝီ) ဆီက ဖတ်ရပြန်တာနဲ့ ကြိုက်လို့ ဘာသာပြန်ကြည့်မိပါတယ် ... အရင်ဆုံး လေးလုံးစပ်နဲ့ ပြန်ကြည့်လိုက်ပါတယ် ...

နေ့အလင်းနဲ့ လမင်းရောင်

နေ့အလင်းထဲ၊ မွန်းတည့်ဆဲမှာ၊
စန္ဒာလမင်း၊ ရွက်လွှင့်ရင်းသွား၊
မိုးဖျားမှာတွေ့၊ မနေ့ကပေါ့၊
ဖြူလျော့လျော့နဲ့၊ မှေးဖျော့မှိန်လျား၊
ကျောင်းသားငယ်ရဲ့ စက္ကူစွန်။

နေ့အလင်းချီ၊ မနေ့ဆီက၊
ထွေလီဆန်းပြား၊ ဖမ်းစားညှို့ငင်၊
ကဗျာရှင်ရဲ့၊ မှော်ဝင်လက်ရာ၊
ဖတ်ကာတွေးထင်၊ စိတ်ဘဝင်မှာ၊
ဝိညာဉ်လေလား၊ တစ္ဆေလား။

သို့ပေသော်လည်း၊ ဖျားနာဆဲနေ့၊
ကြာညောင်းရွေ့လျင်၊ ရမ္မက်အင်လို၊
သက်ငင်ဆုံးပါး၊ ပျောက်သွားပြီးချိန်၊
ညခင်းမှိန်မှိန်၊ အေးငြိမ်ရိပ်ဖုံး၊
တောင်ကုန်းရွာငယ်၊ တောင်ကြားဆွယ်သို့၊
ကြွေလှယ်သက်ဆင်းလာခဲ့ပြီ။

ထိုနောက်တဖန်၊ ညခင်းယံကို၊
လျှံထွက်သွားအောင်၊ ကိုယ်ရောင်ထင်ပြ၊
ဝင်းပပနှင့်၊ လမင်းပျိုမေ၊
ဂုဏ်သရေဖိတ်၊ ဝိညာဉ်စိတ်လား၊
ဝံ့ကြွားဂုဏ်ယူ၊ အလင်းမြူဖြင့်၊
လောင်းယူဖြည့်သွန်းလိုက်လေပြီ။

ဤမှာနောက်တွင်၊ ကဗျာရှင်၏၊
ချိုလွင်တေးသံ၊ တဖန်စီးမျော၊
ဦးနှောက်ကြောကို၊ သာမောဂီတ၊
ဖြတ်သန်းကြလျှင်၊ ညလွင်ပြင်ယံ၊
ဘာသာပြန်မိ၊ ကြည့်လိုက်သည့်ချိန်၊
သိမ်မွေ့နက်နဲလေဘိခြင်း။ ။

ကျနော် အားသန်တဲ့ လေးလုံးစပ်ရေးနည်းနဲ့ ဘာသာပြန်ပြီး ရေးထားတဲ့ ကဗျာဖြစ်ပေမဲ့ စိတ်ထဲမှာ သိပ်ဘဝင်မကျမိပါဘူး ... တခုခုလိုနေသလို ခံစားရတာနဲ့ ရိုးရိုးပဲ ကာရန်မပါဘဲ ပြန်ရေးကြည့်ပါတယ် ... ခေတ်ပြိုင်ကဗျာလိုပေါ့လေ ... မူရင်းကဗျာထဲက နိမိတ်ပုံတွေကြောင့်လားတော့ မသိဘူး ... အဲဒါကို စိတ်ထဲ ပိုအားရသလိုလို ရှိမိပါတယ် ... ဖတ်ကြည့်ကြပါဦး ...

နေ့အလင်းနဲ့ လမင်းရောင်

နေ့ခင်းကြောင်တောင် မွန်းတည့်ချိန်ကြီးမှာ
မြင့်မြင့်မားမား ရွက်လွှင့်သွားတဲ့ လမင်းကို
မနေ့က မြင်လိုက်တယ်
ဒါပေမဲ့ ဖျော့တော့တော့ ဖြူလျော်လျော်
ကျောင်းသားငယ်လေးရဲ့ စက္ကူစွန်လို ...

မနေ့တုန်းက နေ့ခင်းကြောင်တောင်
ကဗျာဆရာရဲ့ ဂမ္ဘီရအဖွဲ့အနွဲ့ကို ဖတ်မိတာ
တစ္ဆေလိုလို ဝိညာဉ်လိုလို
ငါ့မှာ ဖြစ်တော့မလောက် ...

ဒါပေမဲ့လည်း နာမကျန်းတဲ့နေ့ဟာ ကြာညောင်းလာတော့
ရမ္မက်တခုလိုပဲ သေဆုံးသွားလေရဲ့ ...
ပြီးတော့ အေးချမ်းတည်ငြိမ်တဲ့ ညလေးက
တောင်ကုန်း ... တောင်ကြားနဲ့ ရွာလေးပေါ် သက်ဆင်းလာခဲ့။

ပြီးတော့ အသရေတင့်တဲ့ စိတ်ဝိညာဉ်တခုပမာ
လမင်းပျိုဟာ ဂုဏ်ယူဝံ့ကြွားစွာ နဲ့
သူ့အလင်းတွေ ကိုယ်ထင်ပြလို့
ညကို လျှံထွက်သွားအောင် သွန်းလောင်းဖြည့်လိုက်ရဲ့ ...

အဲဒီနောက် ကဗျာဆရာရဲ့ တေးသံက
ငါ့ဦးနှောက်ကို ဂီတတံတျာလို တဖန်ဖြတ်သန်းစီးမျောလာပြန်တော့
ညကို ဘာသာပြန်ကြည့်ရတာ
သိမ်မွေ့နက်နဲလိုက်တာကွယ် ...

ဒါက ကျနော့်စိတ်ထဲ ဖြစ်နေတာကို ပြောပြတာပါ ... ဖတ်တဲ့သူကတော့ ဒီနှစ်ခု ယှဉ်ဖတ်ရင် ဘယ်ဟာကို ပိုကြိုက်မလဲ မသိပါဘူး ...
မူရင်းကဗျာကိုပါ ယှဉ်တွဲဖတ်နိုင်ဖို့ တင်ပေးလိုက်ပါတယ် ...

"Daylight and Moonlight"

In broad daylight, and at noon,
Yesterday I saw the moon
Sailing high, but faint and white,
As a schoolboy's paper kite.

In broad daylight, yesterday,
I read a poet's mystic lay;
And it seemed to me at most
As a phantom, or a ghost.

But at length the feverish day
Like a passion died away,
And the night, serene and still,
Fell on village, vale, and hill.

Then the moon, in all her pride,
Like a spirit glorified,
Filled and overflowed the night
With revelations of her light.

And the Poet's song again
Passed like music through my brain;
Night interpreted to me
All its grace and mystery.

Written by Henry Wadsworth Longfellow (1807-1882)

ဘယ်ဟာကိုပဲကြိုက်ကြိုက်၊ နှစ်ခုလုံးမကြိုက်တာပဲဖြစ်ဖြစ် ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျ ...

ဟယ်ရီလွင်

Read More...

Sunday, 19 February 2012

ငါးဆင့်သမိုင်း‎

ငါးဆင့်သမိုင်း‎

ထုံးမတိမ်၊‎
ငုံး, အိမ်, ကျူ, လ သို့၊‎
တူမျှစံနှိုင်း။‎

ထပ်တညီ၊‎
ကပ္ပဋ္ဌီတင်ထိုက်တဲ့၊‎
‎ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊‎
ငါးဆင့်သမိုင်း။ ။‎

(သစ္စာတိုင် ဒွေးချိုး)
စလေဦးပုည



“ကပ္ပဋ္ဌီတိ” ဆိုတာကတော့ ကမ္ဘာနှင့်အမျှ၊ ကမ္ဘာတည်သရွေ့ တည်တံ့နေမယ့်အရာတွေကိုဆိုလိုတာဖြစ်ပါတယ်။ ဒီလို ‎ကမ္ဘာနှင့်အမျှ တည်တံ့နေကြတဲ့ ကပ္ပဋ္ဌီတိလေးပါးမှာ ဥစ္စာသိုက်၊ ပညာသိုက်တို့လို အယဉ်အလှသိုက်ကိုဝင်တဲ့ ‎သူ့ရဲ့ချစ်သူကိုပါထည့်ပြီး ရေတွက်ရမှာမို့ လေးပါးတောင်မကဘဲ ငါးပါးထိအောင်ဖြစ်လာမှာပါလို့ ဖွဲ့နွဲ့တင်စား ‎လိုက်တာပါ။ ကမ္ဘာတည်သရွေ့ တည်ရှိနေတဲ့ အရာတွေကို ကဗျာထဲထည့်ပြီး အတိုဖွဲ့တဲ့နေရာမှာ ဦးပုညဟာ ‎စံတင်လောက်ပါတယ်။ “ကြာကနက် သောင်းဝှန်မှာ၊ ဒေါင်း, ပုစွန်, ဝံ, ငါး သို့ ...” ဆိုပြီးတော့လည်း ‘ကမ္ဘာ နှစ်ခါပျက် ‎စေတော့’ ဆိုတဲ့ သစ္စာတိုင် တေးထပ်ထဲမှာ စ၊ ဓ၊ ဗ၊ ဝ စမ (စာမ) လေးလုံးကို ဖွဲ့သွားပါတယ်။ “ပုစွန် ဝံ ငါး ‎ဒေါင်းမြီးဖျားမှာ၊ စာလေးပါးကျေကာမှ၊ သွေပါ့မယ် လှယဉ်ကြူးငဲ့ ...” ရယ်လို့လည်း ဝိဇယပြဇာတ်မှာ ရေးသွားပါသေးတဲ့အကြောင်း‎ ပြီးခဲ့တဲ့ ပို့စ်မှာရေးခဲ့ပြီးပါပြီ။ ဒီမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ် ...
ကမ္ဘာနှစ်ခါပျက်စေတော့

အလျဉ်းသင့်လို့ ကပ္ပဋ္ဌီတိ လေးပါးကို ဖော်ပြရမယ်ဆိုရင် ... ‎
ငုံး = ဘုရားလောင်း ငုံးမင်းဘဝက သစ္စာဆိုထားတဲ့ တဆယ့်ခြောက်ပယ်စာမြေနေရာ
အိမ် = ကဿပ ဘုရားရှင်လက်ထက်က ဃဋိကာရ အိုးထိမ်းသည်ရဲ့ အိမ်နေရာ
ကျူ = ဘုရားလောင်း မျောက်မင်းရဲ့ သစ္စာအဓိဋ္ဌာန်ကြောင့် ကျူပင်တွေမှာ ကမ္ဘာတည်သရွေ့ အဆစ်မရှိဘဲ တိုးလျှိုပေါက် ‎ဖြစ်နေခြင်း‎
လ = လပေါ်မှာ ထင်နေတဲ့ ယုန်ရုပ် တို့ဖြစ်ကြပါတယ်။‎

ငုံး‎
ဘုရားအလောင်းတော် ငုံးမင်း အရွယ်မရောက်ခင်က အဖြစ်အပျက်တစ်ခုပါ။ တောမီးကြီးက လောင်လာပါတယ်။ ‎မိဘတွေကလည်း ထွက်ပြေးကြသွားကြလို့ အသိုက်ထဲမှာ ငုံးငယ်တကောင်တည်းကျန်ရစ်ခဲ့ပါတယ်။ ငယ်ရွယ်လှသေးတဲ့ ‎အတွက် အတောင်ကလည်း မပျံနိုင်၊ ခြေထောက်ကလည်း မသွားနိုင်ဖြစ်နေပါတယ်။ ဒီတော့ ဒီမီးဘေးက လွတ်မြောက်ဖို့ ‎သစ္စာတရားမှတပါး အခြားအားကိုးရာမရှိကြောင်း ဆင်ခြင်မိတဲ့ အလောင်းတော် ငုံးမင်းငယ်ဟာ အမှန်အတိုင်း ‎သစ္စာဆိုလိုက်တဲ့အခါ လောင်လာတဲ့ တောမီးကြီးဟာ သစ္စာ စွမ်းအားကြောင့် ရှောင်ကွင်းသွားပါ တော့တယ်။ ဒီ ငုံးမင်း ‎သစ္စာပြုတဲ့နေရာကနေ ဗဟိုပြုပြီး တဆယ့်ခြောက်ပယ်စာမျှရှိတဲ့ ဧရိယာဟာ ကမ္ဘာတည်သရွေ့ မီးမလောင်ဘဲ ‎တည်နေပါတယ်။ (‘ပယ်’ ဆိုတာ ရှေးခေတ်မြေအတိုင်းအတာပါ။ တပယ်ကို ၁.၇၅-ဧက နဲ့ ညီမျှပါတယ်။ ၁၆-ပယ် ‎ဆိုတော့ ၂၈-ဧကနဲ့ညီမျှပါတယ်) ပရိတ်ကြီး (၁၁) သုတ်ထဲက ဝဋ္ဋသုတ်တော် (ဝဋ္ဋပရိတ်တော်) ဟာ ဒီအဖြစ်အပျက်ကို ‎ဟောတော်မူတာပါပဲ။ “သန္တိပက္ခာ အ ပတနာ၊ သန္တိပါဒါ အဝဉ္ဇနာ။ မာတာပိတာ စ နိက္ခ န္တာ၊ ဇာတဝေဒ ပဋိက္က္ကမ။” ဆိုတဲ့ ‎အပိုဒ်ဟာ ဘုရားလောင်း ငုံးမင်း သစ္စာဆိုတော်မူတဲ့ အပိုဒ်လို့ သိရပါတယ်။‎
(ဧကနိပါတ်၊ ဝဋ္ဋကဇာတ်)‎

အိမ်
ကဿပ ဘုရားရှင်လက်ထက်က ‘ဃဋိကာရ’ လို့ခေါ်တဲ့ အိုးထိမ်းသည် တယောက်ရှိပါတယ်။ သူ့မှာ မျက်မမြင်မိဘနှစ်ပါး ‎ရှိပါတယ်။ သူ့အိမ်က ပစ္စည်း မှန်သမျှဟာ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေအတွက်သာလို့ ခံယူချက်ထားတဲ့ ‎သူဖြစ်ပါတယ်။‎
တနေ့တော့ ရဟန်းတော်တွေဟာ မြက်မိုးကျောင်းဆောင်တဆောင်ဆောက်လုပ်နေကြတုန်း အမိုးသက်ငယ် လိုအပ် ‎နေတဲ့အတွက် အတွင်းသိအစင်းသိဖြစ်သော ဃဋိကာရရဲ့အိမ်က သက်ငယ်အမိုးတွေကို သွားပြီး ဖျက်ယူကြပါတယ်။‎
ဃဋိကာရရဲ့ မျက်မမြင်မိဘနှစ်ပါးက သိကြပေမဲ့ ရဟန်းတော်များဆိုလျှင် ခွင့်လွှတ်ထားပြီးဖြစ်တာကြောင့် မတားမြစ် ‎ကြပါဘူး။ သားဖြစ်တဲ့ ဃဋိကာရ ပြန်လာတဲ့အခါ အကြောင်းစုံပြောပြကြပါတယ်။ မိသားစုသုံးဦးဟာ ရဟန်းတော်တွေ ‎မိမိတို့အပေါ် ရင်းနှီးမှု၊ အသိအမှတ်ပြုမှုအတိုင်းအတာကို တွေးမိပြီး စေတနာ သဒ္ဓါ တရား ထက်သန်စွာနဲ့ အလွန် ‎‎ဝမ်းမြောက်ဝမ်းသာတောင် ဖြစ်နေကြပါတယ်။‎
အဲဒီ စေတနာသဒ္ဓါတရားရဲ့ စွမ်းအားကြောင့် ဃဋိကာရရဲ့အိမ်ဟာ မိုးဘယ်လောက်ပဲ ရွာရွာ၊ အမိုးမရှိပေမဲ့ မိုးစိုစွတ်ခြင်း ‎မရှိတော့ပါဘူး။ ခေတ္တခဏမျှသာ မဟုတ်ပါ။ အဲဒီအိမ်နေရာဟာ တကမ္ဘာပတ်လုံး မိုး စိုစွတ်ခြင်း မရှိတော့ပါ။‎
(ဃဋိကာရသုတ်၊ အဋ္ဌကထာ)‎

ကျူ
ဘုရားလောင်းမျောက်မင်းဟာ အြွေခအရံပေါင်းများစွာနဲ့ တောကြီးမျက်မည်းထဲ လှည့်လည်နေချိန်ကဖြစ်ပါတယ်။ ‎ရေငတ်လို့ ရေရှာနေကြတုန်း ရေကန်တကန်ကို တွေ့မိကြပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီရေကန်ဟာ ဘီလူးစောင့်တဲ့ ‎ရေကန် ဖြစ်နေပါတယ်။‎
မျောက် များစွာအတွက် အခက်အခဲကြီးနဲ့ ရင်ဆိုင်လိုက်ရတာပါ။ ရေမသောက်ရရင် အားလုံးရေငတ်ပြီး သေဆုံးကြရ ‎ပါတော့မယ်။ ရေကန်ထဲဆင်းပြီး သောက်ပြန်ရင်လည်း ဆင်းသောက်တဲ့ မျောက်တွေအားလုံး ဘီလူးစားခံရ ပါလိမ့်မယ်။ ‎တကယ့်ကို ကျဉ်းထဲကျပ်ထဲ၊ ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ် ဆိုတဲ့ မတိုးသာ၊ မဆုတ်သာ အခြေအနေပါ။‎
‎ဒီအခက်အခဲကို ဘုရားလောင်းမျောက်မင်းက ခေါင်းဆောင်ပီသစွာနဲ့ ပညာသားပါပါဖြေရှင်းပေးလိုက်ပါတယ်။ ရေကန် ‎‎ဝန်းကျင်မှာ ကျူပင်တွေရှိပါတယ်။ ဒီတော့ ရှိတဲ့ ကျူပင်တွေအကုန် အဆစ်တွေပွင့်ပြီး တိုးလျှိုပေါက် ‎တပေါက်တည်းဖြစ်စေဖို့ ဘုရားလောင်း မျောက်မင်းက အဓိဋ္ဌာန် လိုက်ပါတယ်။ ခေါင်းဆောင်စိတ်ဓါတ်ရယ်၊ ဒုက္ခသည်ကို ‎ကယ်တင်လိုတဲ့ ပရဟိတစိတ်ဓါတ်တွေရဲ့ စွမ်းအားကြောင့် ရေကန်ဝန်းကျင်မှာရှိတဲ့ ကျူပင်အားလုံး အဆစ်တွေပွင့်ကုန်ပြီး ‎တပေါက်တည်း ဖြစ်ကုန်ပါတယ်။‎
အဲဒီတော့မှ အခုခေတ်မှာ ရေပိုက်တွေဆက်ပြီး ရေသယ်ယူကြသလိုမျိုး အဆစ်ပွင့်သွားတဲ့ ကျူပင်တွေကို ဆက်ပြီး ‎ရေကန်ထဲ မဆင်းကြဘဲ အဝေးကနေ ရေသောက်ယူကြပါတယ်။‎
“ရေကန်ထဲဆင်းလာလို့ကတော့ စားမယ်” လို့ ကြုံးဝါးထားတဲ့ ဘီလူးခမျာ ဘာမှ မတတ်နိုင်ရှာတော့ပါဘူး။ မြင့်မြတ်တဲ့ ‎ပရဟိတစိတ်ဓါတ်ရဲ့ စွမ်းအားနဲ့ အောင်ပွဲခံခဲ့တဲ့ ရေကန်ဝန်းကျင်မှာ ပေါက်လာသမျှ ကျူပင်အားလုံးဟာ အဆစ်တွေပွင့်ပြီး ‎တပေါက်တည်းဖြစ်ကာ တကမ္ဘာလုံး တည်နေပါတော့တယ်။‎
(ဧကနိပါတ်၊ နဠကပါနဇာတ်)‎


‎ဂင်္ဂါမြစ်နှင့် နီးစပ်သောတောအုပ်တခုမှာ ဘုရားလောင်းယုန်မင်းဟာ မျောက်၊ မြေခွေး၊ ဖျံ ဆိုတဲ့ မိတ်ဆွေသုံးဦး တို့ကို ‎အဆုံးအမပေးပြီး ချစ်ခင်စွာနေကြတဲ့အခိုက်ဖြစ်ပါတယ်။‎
လပြည့်နေ့ဖြစ်တဲ့ ဥပုသ်နေ့ဟာ ဒါနပြုဖို့၊ သီလဆောက်တည်ဖို့အတွက် အသင့်တော်ဆုံး နေ့ထူးနေ့မြတ် ဖြစ်ကြောင်း ‎သူတော်ကောင်းဓါတ်ခံရှိကြတဲ့ သူတို့အားလုံးက လက်ခံထားကြပါတယ်။ လက်ခံလောက်အောင်လည်း ယုန်မင်းက ‎အမြဲတမ်း သွန်သင်ဆုံးမလေ့ရှိပါတယ်။‎
အဲဒီ လပြည့်နေ့တနေ့မှာ သူတို့လေးဦးရဲ့စိတ်ဓါတ်ကို မှတ်ကျောက်တင်ဖို့ သိကြားမင်းက အလှူခံပုဏ္ဏား အသွင်နဲ့ ‎ရောက်ရှိလာခဲ့ပါတယ်။ မျောက်၊ မြေခွေး၊ ဖျံ တို့ကတော့ လှူဒါန်းဖွယ်ပစ္စည်းတွေ အလွယ်တကူရှိနေကြလို့ လုံးဝ ‎ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ယုန်မင်းအတွက်ကတော့ စဉ်းစားရခက်နေပါတယ်။‎
သူမြတ်နိုးတဲ့နေ့တနေ့မှာ သူမြတ်နိုးတဲ့အလှူခံကရောက်ရှိလို့လာခဲ့ပါပြီ။ သူမြတ်နိုးတဲ့ အပေါင်းအသင်းတွေရဲ့ လက်ထဲ မှာ ‎လှူဖွယ် ဝတ္ထုပစ္စည်းတွေက ရေကန်အသင့်၊ ကြာအသင့်။ သူ့လက်ထဲမှာတော့ ဘာဆိုဘာမျှ မရှိရှာပါဘူး။ ယုန်မင်းမှာ ‎ရှိနေတာက အလှူခံပုဂ္ဂိုလ်အပေါ်မှာ ထားရှိတဲ့ စေတနာ၊ သဒ္ဓါတရားတို့ပဲ ဖြစ်ပါတယ်။‎
‎ဒီ စေတနာ၊ သဒ္ဓါတရားတို့ကိုပဲ တွန်းအားတခုအဖြစ်အသုံးပြုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ရဲရင့်ပြတ်သားလှပြီး ‎အသက်နဲ့ခန္ဓာတွေကိုတောင် ငဲ့ညှာခြင်းမရှိတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြားလိုက်တဲ့ စကားတို့က သက်သေခံ ‎နေပါတယ်။ ဒီစကားကတော့ ....‎
“မီးမွှေး၍ မီးကျီးရအောင်ပြုလုပ်ပါ။ ကျွန်ုပ် ခုန်ချပါမည်။ ကျွန်ုပ်အသားကျက်သောအခါ သင်ယူစား၍ တရားအားထုတ်ပါ” ‎တဲ့။‎
သိကြားမင်းကိုယ်တိုင် အံ့ဩယူရတဲ့ စကားသံတွေပါပဲ။ ဒါနဲ့ ဆက်လက် စမ်းသပ်မယ် ဆိုပြီး မီးမွှေးပြီး မီးကျီးရအောင် ‎ဖန်တီးပေးလိုက်ပါတယ်။ တကယ့်သေဘေးမို့ မီးကျီးတွေရမှ စိတ်ပြောင်းပြီး ရှောင်ပြေးရင်လည်း အပြစ်တော့ ‎မတင်ရက်ပါဘူး။ ဒါပေမဲ့ ယုန်မင်းကတော့ အားရရွှင်လန်းစွာနဲ့ပဲ မီးကျီးတွင်းထဲသို့ ခုန်ဆင်းလိုက်ပါတယ်။‎
‎ဒုတိယမ္ပိ ထပ်မံအံ့ဩစရာ အဖြစ်အပျက်တခု ဖြစ်ပွားသွားပြန်ပါတယ်။ ရဲရဲနီ ပူလောင်နေတဲ့ မီးကျီးခဲတွေဟာ ရဲရဲနီတဲ့ ‎‎ယုန်မင်းရဲ့ သတ္တိကို ယှဉ်ပြိုင်ဝံ့တဲ့ အားအင်လုံးဝမရှိတဲ့အကြောင်း ရေခဲတုံးတမျှ အေးကုန်ကြတဲ့ မီးသွေးခဲတွေ ဖြစ်သွားပုံက ‎သက်သေပြနေပါတော့တယ်။ ကိုယ်ကို လောင်ကျွမ်းဖို့ မဆိုထားနဲ့၊ အမွေးတွေကိုတောင် အပူငွေ့ကလေး ဟပ်သွားတာမျိုး ‎မရှိခဲ့ပါဘူး။‎
‎ဒီနောက်မှာတော့ သိကြားမင်းဟာ ယုန်မင်းကို ရင်ခွင်မှာ ကြင်နာနွေးထွေးစွာပွေ့ပိုက်ပြီး သူ့ရဲ့အဖြစ်မှန်၊ ဇာတိအမှန်ကို ‎ပြောပြလိုက်ပါတယ်။ ပြီးတော့ အတွေးတခု ထပ်ဝင်လာပါတယ်။ “လောကထဲတွင် လူပင်ဖြစ်စေ၊ တိရစ္ဆာန်ပင် ဖြစ်စေ၊ ‎ထူးချွန်ကောင်းမွန်လာလျှင် အများနည်းယူလောက်အောင် မှတ်တမ်းတင်၍ ဂုဏ်ပြုသင့်သည်” ဆိုတဲ့ အတွေးပါပဲ။‎
‎ဒီအတွေးကို လက်တွေ့အကောင်အထည်ပေါ်လာစေဖို့ တောင်ဆီကိုညှစ်ယူပြီး လဗိမာန်မှာ ယုန်ရုပ်ထင်နေအောင် ‎သိကြားတို့ရဲ့ တန်ခိုးနဲ့ ရေးခြယ်လိုက်ပါတယ်။ ဒီလို ရေးခြယ်လိုက်တဲ့ လဗိမာန်မှာ ထင်နေတဲ့ ယုန်ရုပ်ပုံသဏ္ဌာန်ဟာ ‎တကမ္ဘာပတ်လုံး တည်နေပါတော့တယ်။‎
အလျဉ်းသင့်လို့ ပြောချင်တာတခုရှိပါတယ်။ တချို့တွေက ဒီဖြစ်ရပ်ကို စကားကပ်ပြီး ငြင်းကြ၊ မထေမဲ့မြင်ပြုကြ ပါတယ်။ ‎လကမ္ဘာ ပေါ်ကို လူတွေရောက်နေပြီ၊ ဘာ ယုန်ရုပ်မှလည်း မတွေ့ပါလား၊ ပိဋကတ်တော်လာ စကားတွေဟာ ‎အလကားပဲလို့ ပြောကြ ပါတယ်။ တကယ်တော့ လပေါ်မှာ ယုန်ရုပ်ထုကြီး သွားထားတယ်လို့လည်း မပြောခဲ့ ပါဘူး။ ‎ကမ္ဘာပေါ်ကနေ ကြည့်လိုက်ရင် ယုန်ရုပ်ပုံကလေး ပေါ်နေအောင်ပဲ လုပ်ထားခဲ့တာ ဆိုတာကို သတိပြုသင့်ပါတယ်။‎
(စတုက္ကနိပါတ်၊ သသပဏ္ဍိတဇာတ်)‎

ကိုးကား။‎
‎(၁)‎ ပရိတ်ကြီး ၁၁-သုတ် ပါဠိတော်။‎
‎(၂)‎ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာ၊ မှန်ကျောင်းပရိယတ္တိစာသင်တိုက်၊ အာဂုံစာတော်ပြန်ပွဲ ‎နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်၊ ရွှေရတု ပူဇာစာစောင် မှ ဦးအဂ္ဂည (သာသနဓဇ ဓမ္မစရိယ)၊ ဂုဏဝတီတိုက်ကျောင်း၊ ‎ဘုရားကြီးတိုက်၊ မန္တလေးမြို့ရေးသားသော “ကမ္ဘာတည်သရွေ့” ဆောင်းပါး။‎

Read More...

Sunday, 12 February 2012

ကမ္ဘာ‎ နှစ်ခါပျက်စေတော့

ကမ္ဘာ‎ နှစ်ခါပျက်စေတော့

မြမြင်းမိုရ် တောင်ကွဲမှ၊
ရှောင်လွဲမည့်(မဲ့) သက်ကယ်၊
မောင်ဆွဲ(စွဲ)တဲ့ မျက်ခြယ်ကို၊
ပျက်ပြယ်ပြယ် မမုန်း၊
မိုးပြိုလို့ မြေထောင်စေ၊
သေတိုင်အောင် စွဲတဲ့ နှလုံး။

ကြွေကျလို့ နေလကွယ်ရင်၊
သွေပမယ် အဆုံး၊
ရွေမျာ့းမယ် တဘုန်းကို (ဖြင့်)၊
မမုန်းဘု အလွန်။
ကမ္ဘာ ကိုနှစ်ခါပျက်စေတော့၊
မခွာရက် ပေါင်းမယ်လို့သွန် (ညွှန်)။

ကြာကနက် သောင်းဝှန်မှာ၊
ဒေါင်း ပုဇွန် ဝံ ငါးနှင့်၊
ညွှန်ကြားတဲ့ စာလေးမယ်၊
ပိန်းပျောက်လို့ကွယ်၊
နှင်းဆက်တဲ့ ဆင်းမျက်ခြယ်ကို၊
ယွင်းကွက်မယ် ကြံဘူးပ(ကွဲ့)လေး။

သစ္စာတိုင်ဖွဲ့
စလေဦးပုည

( ) ကွင်းအတွင်းရှိစာသားများမှာ မြန်မာမိသားစုဖိုရမ်တွင် ကြယ်စင်စိုး တင်ပေးထားသည့် ကဗျာတွင် ဖော်ပြထားသည့် အတိုင်း ဘာချာသိပ္ပ ဝိစိတြ ကဗျာ့ရာသီကျမ်း မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။


ညီမလေး ကြယ်စင်ရဲ့ ကြယ်စင်ချစ်သောကဗျာများထဲမှာ ကျနော် ရှင်းထားတာလေးကို ဆက်တင်ပေးလိုက်ပါတယ် ...
ဒေါင်း၊ ပုစွန်၊ ဝံ၊ ငါး နှင့် ညွှန်ကြားတဲ့ စာလေးမယ် ဆိုတာက စ၊ ဓ၊ ဗ၊ ဝ ဆိုတဲ့ ဓာတ်စမ (စာမ) လေးလုံးကို ပြောတာပါ ...
စာလေးမယ် ဆိုတာ စာလေးလုံးကိုဆိုလိုပါတယ် ... အမယ်လေးမျိုးလို့ ပြောတာပါ ...
ဒေါင်း၊ ပုစွန်၊ ဝံ၊ ငါး ဆိုတဲ့ သတ္တဝါလေးမျိုးနဲ့ အဲဒီစာလေးလုံးကို ညွှန်ကြားပြသထားပါတယ်ပေါ့ ... ဘယ်လိုပြသလဲဆိုတော့ ...
(၁) ‘ဒေါင်း’ ဆိုတာက ဒေါင်းအမြီးဖျားမှာ ‘ဓ’ အက္ခရာ
(၂) ‘ပုစွန်’ ဆိုတာက ပုစွန်လုံး (ကဏန်း) ရဲ့ ကိုယ်မှာ ‘ဗ’ အက္ခရာ
(၃) ‘ဝံ’ ဆိုတာက ဝံ(ဝက်ဝံ) ရဲ့ ရင်ဘတ်မှာက ‘ဝ’ အက္ခရာ
(၄) ‘ငါး’ ဆိုတာက ငါးရံ့ဒိုင်း ရဲ့ အမြီးမှာ ‘စ’ အက္ခရာ ရှိပါတယ်

ကမ္ဘာဦးတည်စကတည်းက ဒီသတ္တဝါလေးမျိုးရဲ့ကိုယ်မှာပါတဲ့ ဘယ်အခါမှ မပျောက်ပျက်နိုင်တဲ့ စာကြီးတွေလို့ အဆိုရှိထားပါတယ် .. အဲဒီစာတွေ ပျောက်ကွယ်သွားတောင်မှ မသွေခွာပါဘူး လို့ သစ္စာတိုင်တည်ထားခြင်း ဖြစ်ပါတယ် ..

“ပုစွန်၊ ဝံ၊ ငါး၊ ဒေါင်းမြီးဖျားမှာ၊ စာလေးပါး ကျေကာမှ၊ သွေပါ့မယ် လှယဉ်ကြူးငဲ့ ...” လို့လဲ ဦးပုညက ဝိဇယပြဇာတ်မှာ ရေးထားပါသေးတယ်။

ဒီ စမလေးလုံးက ဓနသိဒ္ဓိ နဲ့ ပီယသိဒ္ဓိ ဆိုတဲ့ သိဒ္ဓိ ၂-ပါးကို ပြီးစေနိုင်တယ်လို့ လောကီဂမ္ဘီရပညာရှင်တွေက ယူဆကြပါတယ်။

ဟယ်ရီလွင်

Read More...

Friday, 10 February 2012

ဖေဖော်ဝါရီ မွန်းတိမ်း

ဖေဖော်ဝါရီ မွန်းတိမ်း

Henry Wadsworth Longfellow ရဲ့ ကဗျာတွေ ဒေါ်လေးမေ (မေဓာဝီ) တင်နေတာနဲ့ ဖတ်ဖြစ်ပါတယ် ... အရင်ဆုံး ဖတ်လိုက်မိတာက "Afternoon in February" ပါ ... အဲဒါလေးကို ဖတ်မိပြီး အတော် သဘောကျသွားတာနဲ့ ဘာသာပြန်ပြီး ရေးမိပါတယ် ... အချိုးတွဲပုံစံလေး ပါ ... ဒွေးဆစ်လေးတွေ တွဲပြီး ရေးလိုက်တာပါ ...

ဖေဖော်ဝါရီ မွန်းတိမ်း

နေ့အကုန်၊
ညဦးရုံ ခုန်အဆင်း။
စိမ့်မြေတို့ အေးခဲပျစ်၊
မြစ်သေတစင်း။

တိမ်လွှာတို့ ပြာမှုန်သွင်၊
နီရဲလွင် နေမင်း။
ဇနပုဒ် ပြတင်းထက်၊
လင်းလက်ဘိခြင်း။

နှင်းမြူခဲ တဖန်ပြန်၊
ခြံစည်းရိုး မြုပ်ကွယ်ပျောက်။
လွင်ပြင်ထက် လမ်းမကျယ်၊
ဘယ်ဝယ်ဆီရောက်။

ကြောက်စရာ့ ရိပ်လှိုင်းသွင်၊
မြက်ရိုင်းပြင်ထဲမှာလား။
လေးတွဲ့တွဲ့ ဖြတ်ကျော်လာ၊
မသာရထား။

ခေါင်းလောင်းသံ လွင်၊
ရင်တွင်းစိတ်ပေါင်း။
ခြောက်ခြားဖွယ် တုံ့ပြန်ကြ။
မရဏခေါင်းလောင်း။

အရိပ်ဆိုး ထပ်ကြပ်ပါ၊
အသည်းနာ ကြေကွဲ၊
ဈာပန ခေါင်းလောင်းကြိုး၊
ရင်တွင်း ထိုးဆဲ။ ။


မမေကိုလည်း ဘာသာပြန်ပါလို့ ပြောလိုက်ပါတယ် ... အဲဒါကို တွန့်ဆုတ်တွန့်ဆုတ် လုပ်နေလေရဲ့ ... (အဲ့ဒီ အပျိုကြီးဟာ အမြဲတမ်း အဲဒီအတိုင်းပဲ ... ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့ ... ပြောလိုက်ရင်) ဒါပေမဲ့ နောက်ဆုံးတော့ သူပြန်လိုက်တာက ကျနော့် ကဗျာထက်တောင် ပိုကောင်းနေသေးရဲ့ ... အမှန်အတိုင်းပြောရရင် ဒေါ်လေးမေ လေးလုံးစပ်နဲ့ ဘာသာပြန်ရေးထားတဲ့ ကဗျာကို ကျနော်ကိုယ်တိုင် ဘာသာပြန်ပြီး ရေးထားတဲ့ ကဗျာထက် ပိုကြိုက်ပါတယ် ... ခံစားကြည့်နိုင်ကြဖို့ အောက်မှာ တင်ပေးလိုက်ပါတယ် ... မူရင်းကို ဒီမှာ သွားဖတ်နိုင်ပါတယ် ...



ဖေဖော်ဝါရီ မွန်းလွဲချိန်

တရွေ့ရွေ့နှင့်
နေ့တာလွင့်ကြွေ
ညဥ့်ဦးခြေချ
အမှောင်ကျဆဲ
အေးခဲစိမ့်မြေ အို … မြစ်သေ … ။

တိမ်လွှာလွင့်ပါး
ပြာမှုန်များသွင်
ထိုကောင်းကင်၌
နေဝင်ဆည်းဆာ
အာကာပြင်ထက် မှိန်ပြိုးပြက် … ။

ဖြူစင်လွနှင်း
ကျဆင်းတဖန်
ဝင်းခြံစည်းရိုး
ခြုံလွှမ်းမိုးလျက်
လမ်းမထက်မှာ နှင်းမွေ့ယာ … ။

မြက်ခင်းပြင်ကျယ်
ကြောက်ဖွယ်ပုံရိပ်
တိုးတိတ်ဖြတ်သွား မသာ ရထား … ။

ခေါင်းလောင်းသံမြည်
အဝေးဆီမှ
မရဏမင်း
ခေါ်ဆောင်ချဉ်းသို့
ရင်တွင်းညှိုးငယ်
အဘယ်နတ်ဆိုး ခေါင်းလောင်းထိုး … ။

ခြေရာချန်ထား
အရိပ်များစွာ
ဝေးကွာပျက်သုဉ်း
နှလုံးပူဆွေး
အချက်ပေးနေ
သေမင်းတမန် ခေါင်းလောင်းသံ … ။ ။

(မေဓာဝီ)

မူရင်းကဗျာကိုပါ ယှဉ်တွဲဖတ်နိုင်ဖို့ တင်ပေးလိုက်ပါတယ် ...

"Afternoon in February"

The day is ending,
The night is descending;
The marsh is frozen,
The river dead.

Through clouds like ashes
The red sun flashes
On village windows
That glimmer red.

The snow recommences;
The buried fences
Mark no longer
The road o'er the plain;

While through the meadows,
Like fearful shadows,
Slowly passes
A funeral train.

The bell is pealing,
And every feeling
Within me responds
To the dismal knell;

Shadows are trailing,
My heart is bewailing
And tolling within
Like a funeral bell.

Written by Henry Wadsworth Longfellow (1807-1882)


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီလွင်

Read More...

Saturday, 4 February 2012

ပန်းအိပ်မက်

"ပန်းအိပ်မက်"

မချူရက်ပါခဲ့၊
သူမက်တဲ့ အိပ်မက်တွေ။

အလွမ်းတွေ ပျိုးကာဆင့်
ကျွမ်းရင့်ပူဝေ။

ပန်ခက်တဲ့ ဝတ်မှုန်ရွှေ
မေမဆွတ်ပေမင့်။

ပန်းနံ့သာ …
လွမ်းကဗျာ အိပ်မက်ဆန်းက
ညဥ့်ချမ်းမှာပွင့်။

မေဓာဝီ

ကျနော့် ဘလော့ဂ်မှာ တင်ထားခဲ့တဲ့ ခရမ်းပြာဝိုင် (၁၀) မှာ ချန်ထားပေးခဲ့တဲ့ မမေဓာဝီ ရဲ့ အိပ်မက်လေးပါ ... ကြာပြီဆိုတော့ ကွန်မင့်ထဲမှာပဲ ပျောက်သွားမှာစိုးလို့ ပြန်တင်ပေးလိုက်ပါတယ် ... ယှဉ်တွဲဖတ်ကြည့်ချင်ရင် ဖတ်လို့ရအောင် ခရမ်းပြာဝိုင် (၁၀) ကိုပါ ပြန်ထည့်ပေးလိုက်ပါတယ် ... မြန်မာဂန္ထဝင်ကဗျာတွေမှာ ဒီလိုပဲ အပြန်အလှန်ရေးကြရိုး ရှိပါတယ် ...

ခရမ်းပြာဝိုင် (၁၀)

ဝေဖူးပေမဲ့၊
မေ မခူးတဲ့ အိပ်မက်တွေ။

ပျိုးမိသမျှ အလွမ်းပါ၊
ခရမ်းပြာရေ။

ဝိုင်တပွင့်ရဲ့ဝတ်ဆံတွေ၊
မပန်လေခဲ့ပေမင့်။

လွမ်းတိုင်းကွယ် ...‎
ပန်းရိုင်းနွယ် အခက်များက
လက်ဖျားမှာပွင့်။ ။

ဟယ်ရီလွင်

Read More...

Tuesday, 31 January 2012

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ (၃) - စောင်းညှို့သံချီ လင်္ကာစီ၍ (၃)

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ - ၃
စောင်းညှို့သံချီ လင်္ကာစီ၍ (၃)


မိတ်ဆွေကြီး မြို့သားကိုရင်ရော ... မမေ (မေဓာဝီ) ကရော မြှောက်ပေးထားကြလို့ ကိုယ်လည်း ဒီစောင်းချင်းလင်္ကာ တွေကို လေးလုံးစပ်နဲ့ ပြန်ရေးကြည့်လိုက်တယ် ခင်ခင်ရေ ... ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စကားလုံးတွေကိုပဲ အခြေခံပြီး ရေးလိုက်တာပါ ... ဖတ်ကြည့်ပါဦး ... မကောင်းရင်တော့ ကိုယ့်အပြစ်ပါ ... ကြိုက်ရင်တော့ ဆရာကြီးကိုပဲ ကန်တော့လိုက်ပါကွယ် ...

(၁) စောင်းညှိသီချင်း
စောင်းခြင်းတံတျာ၊ တေးဂါထာကား၊
ဗုဒ္ဓာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
ဓမ္မာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
သံဃာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
ရဟန္တာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
ကာမကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
ကိုးဂုဏ်သခင်၊ ဘုရားရှင်အား၊
ပဉ္စသီခ၊ မည်ရတွင်ခေါ်၊
တပည့်တော်က၊ ဂီတတံတျာ၊
တေးဂါထာဖြင့်၊ ချိုစွာရွှေနား၊
လျှောက်ကြားပါအံ့။

(၂) စောင်းသံ
သူရိယဝစ္ဆ၊ ချစ်နှမ ...
ဘဝဆုတောင်း၊ အကြောင်းကြောင်းကြောင့်၊
ကောင်းခြင်းငါးဖြာ၊ လက္ခဏာရှင်၊
ကညာနတ်မိ၊ လှဂုဏ်ငြိတွယ်၊
ငါ၏ချစ်ခြင်း၊ ပြင်းပြင်းကြွကြွ၊
ဖြစ်စေထသူ၊ သူရိယဝစ္ဆာ၊
နတ်ကညာမယ်၊ မှီကာဖွားမြင်၊
မွေးသန့်စင်သည့်၊ ဖခင် တိမ္ဗရူ၊
နတ်စစ်သူကြီး၊ ဖခမည်းကို၊
ရိုကျိုးဝန္ဒာ၊ ရှိခိုးပါ၏။ ။

(၃) စောင်းသံ
သူရိယဝစ္ဆ၊ ချစ်နှမ ...
ထကြွပူမီး၊ လွန်ဖိစီး၍၊
ချွေးဒီးဒီးကျ၊ ခံစားရသူ၊
များလူခပင်း၊ လေပြေညင်းကို၊
မယွင်းတောင့်တ၊ နှစ်သက်ကြပေ။
ရေငတ်မွတ်သူ၊ များလူအပေါင်း၊
မြလျောင်းရေစင်၊ သောက်သုံးချင်သို့။
ဖြူစင်အရိယာ၊ ရဟန္တာသည်၊
ဓမ္မာတရား၊ မွေ့ပျော်အားချင်၊
ခုံမင်တောင့်တ၊ နှစ်သက်ကြသလို၊
လျှံပြပြိုးပြက်၊ ဝင်းလက်လက်နှင့်၊
ထွက်သည့်ကိုယ်ရောင်၊ လှတန်ဆောင်ဖြင့်၊
လျှံပြောင်တင့်တယ်၊ လှသွေးကြွယ်သည့်၊
နတ်မယ်နှမ၊ ချစ်ပန်းလျကို၊
တမ်းတချစ်ခြင်း၊ ငါ့ရင်ခွင်းပြီ။ ။

(၄) စောင်းသံ
ရောဂါစွန်းငြိ၊ အနာရှိသူ၊
ဆေးကူပေးကာ၊ ရောဂါပျောက်တိမ်း၊
ငြိမ်းစေသလို ...
ဆာလောင်ပိုငြား၊ ငတ်မွတ်အားသူ၊
အစားအစာ၊ ပေးဝေပါက၊
ဆာလောင်မရှိ၊ ငြိမ်းစေဘိလို ...
အတိငြီးငြီး၊ တောက်လောင်မီးအား၊
ရေများဖြန်းက၊ ငြိမ်းစေရသလို ... ။
ချစ်ဆွေနှမ၊ နတ်မယ်လျ ...
ချစ်ရပေရှာ၊ မယ့်မောင်ငါ၏၊
ချစ်စွာအလှ၊ ကျုပ်နှမကြောင့်၊
ဒုက္ခဆူသီး၊ အပူကြီးကို၊
ကူပြီးဖျောက်ရန် ...
မြန်မြန်အသော့၊ ငြိမ်းစေလော့။

(၅) စောင်းသံ
အပူလွန်မင်း၊ နှိပ်စက်ခြင်းကြောင့်၊
ခံပြင်းတောက်လောင်၊ ထိုဆင်ပြောင်သည်၊
ဆောင်ယောင်သာယာ၊ ရေကြည်ဖြာသည့်၊
ရွှေကြာပဒုံ၊ ပန်းဝတ်မှုံနှင့်၊
ပြည့်စုံချမ်းမြ၊ ဧမြကြည်လင်၊
သွင်သွင်ရေဖြာ၊ ရေကန်သာသို့၊
ဆင်းကာသက်မှ၊ ဧကြည်လှစွာ၊
ချမ်းသာရသည့်၊ ဖြစ်ကြောင်းရှိသလို၊
ထိုနှင့်တမူ၊ ထပ်တူထပ်မျှ၊
နှမချစ်ဆွေ၊ နတ်မယ်မေ၏၊
ရွှေရင်ရတနာ၊ ပန်းနှစ်မြွာကြား၊
ကစားမွေ့ချင်၊ သက်ဝင်အာရုံ၊
ရင်ငွေ့လှုံမှ၊ သုခချမ်းသာ၊
စိတ်လန်းဖြာမည် ...
ဖြစ်ရာအကြောင်းရင်းတကား။

(၆) စောင်းသံ
ချစ်ဆွေနှမ၊ နတ်မယ်လျ ...
မုန်ထ, ယစ်လျင်၊ ချိတ်ငင်ဆွဲကြောင်း၊
သံချွန်းတောင်းဖြင့်၊ ကောင်းစွာငင်နှိပ်၊
မချိတ်နိုင်အောင်၊ ဆင်ပြောင်တို့အား၊
လွန်ကြီးမား၏၊ နားရင်းထိုးစူး၊
ဒူးခြေလက်ထွင်း၊ ထိုခက်ရင်းကို၊
မယွင်းမချွတ်အောင်အပ်ပြီ။
ဤသို့တမုတ်၊ အဟုတ်ထစ်ထစ်၊
အမုန်ယစ်၍၊ တဆစ်သောအမှု၊
တခုသောအကြောင်း၊ မသိကောင်းသို့၊
ပမာတို့မူ၊ ထို့အတူစွာ၊
မယ့်မောင်ငါသည်၊ ရွှေညှာရွှေခိုင်၊
ရွှေစိုင် တမွတ်၊ ပွတ်မှချွတ်သို့၊
ချောမွတ်လှဟန်၊ ရွှေပေါင်တန်စုံ၊
ဂုဏ်လက္ခဏာ၊ ရှိရာရှိလှ၊
ချစ်နှမကို၊ ရာဂအမုန်၊
သုန်သုန် ယစ်မူး၊ အရူးကြီးသို့၊
မူးပြီးချွတ်ယွင်း၊ ဉာဏ်ရောင်ကင်းကွာ၊
ဘာဆိုဘာမှ၊ ထွေလာကြောင်းရင်း၊
သိစိတ်ကင်းပြီ၊
မဲ့လျဉ်းအသိ မရှိတော့။

(၇) စောင်းသံ
နတ်မေနှမ၊ ဝစ္ဆသ ...
ငါ့မှာအမြဲ၊ သင့်ကိုစွဲပြီ၊
မခွဲသက်သက်၊ စွဲမက်စိတ်ရှိ၊
ကော့ညိတ်အဖျား၊ သံချိတ်မျှားကို၊
မျိုမှားမိခဲ့၊ ရေငါးကဲ့သို့၊
တလှည့်လွတ်ရန်၊ ရုန်းခဲ့ပြန်လည်း၊
တဖန်အသစ်၊ ပြန်နစ်ခြင်းသာ၊
ခါခါကြိုးပမ်း၊ မစွမ်းနိုင်ရှာ၊
ပမာသို့မူ၊ ထို့အတူစွာ၊
မယ့်မောင်ငါ၏၊ ရင်မှာချစ်စိတ်၊
နှိပ်စက်ဖောက်ပြန်၊ မေ့ရန်ကြိုးကုတ်၊
အားထုတ်ခဲ့လည်း၊ ဆုတ်နစ် တဖန်၊
အမှန်ပြကတေ့၊ နဂိုလေ့လို၊
ပျော်မွေ့ဘဝ၊ ဖြစ်ပြန်ရဖို့၊
လုံ့လကြံ့ခိုင်၊ မစွမ်းနိုင်။ ။

(၈) စောင်းသံ
ပွတ်မှာတင်ချွတ်၊ တမွတ်ရွှေစိုင်၊
ရောင်ပြိုင်လှမော၊ ရွှေငှက်ပျောတုံးဟန်၊
ရွှေပေါင်တံရှင်၊ နတ်မယ်သွင်ပြေ၊
ချစ်ဆွေနှမ ... ။
မယ့်မောင်ငါ့ကို၊ ရွရွသက်ဖြိုး၊
ရွှေမုရိုးစည်၊ ပုံလည်မယွင်း၊
ရွှေလည်ပင်းကို၊ ချက်ခြင်းသိမ်းယှက်၊
ဖက်လှည့်ပါလော။
မထေ့တထေ့၊ သိမ်မွေ့မွေ့နှင့်၊
ရှုလေ့ရှိပေ၊ ချစ်ဆွေနှမ ... ။
မယ့်မောင်ငါ့ကို၊
ရွရွသက်ဖြိုး၊ ရွှေမုရိုးစည်၊
ပုံလည်မယွင်း၊ ရွှေလည်ပင်းကို၊
ချက်ခြင်းသိမ်းယှက်၊ ဖက်လှည့်ပါလော။
ကောင်းခြင်းငါးဖြာ၊ လက္ခဏာနှင့်၊
ပြည့်ရာနတ်မေ၊ ချစ်ဆွေနှမ ... ။
မယ့်မောင်ငါ့ကို၊ ရွရွဥဥ၊
နုနုအိစက်၊ ပေါင်ပေါ်ထက်ဖျား၊
ကိုယ်လုံးထား၍၊ ပိုက်ဖြားမကြွင်း၊
မောင့်လည်ပင်းကို ...
ညှင်းညှင်းသာသာ၊ ဖက်လှည့်ပါလော့။
မယ့်မောင်ငါသည်၊ ပြာဝေနုညှို့၊
ဤသို့ ဖက်ခြင်း၊ လှယမင်း၏၊
ချစ်တင်းပျူငှာ၊ ဖြာဖြာပိုက်ထွေး၊
မေတ္တာဖေးကြူ၊ ချော့မြှူယုယ၊
အနုသယမွန်၊ ချစ်ခြင်းနွံကို၊
အလွန်အလိုရှိအပ်ပြီ။ ။

(၉) စောင်းသံ
ညွန့်ဖျားကော့ကော့၊ ကြော့ရှင်းကောင်းစွာ၊
ဆံကေသာရှင်၊ ဝေဖြာမြမြ၊
လှပုံတင့်တယ်၊ မောင့်သက်လယ် ... ။
သင်နှမ၌၊ ချစ်ကြိုက်ရစွာ၊
မယ့်မောင်ငါ၏၊ ကာမဆန္ဒ၊
ချစ်ရသည့်စိတ်၊ မမှိတ်လားရာ၊
များစွာအပုံ၊ ရှိပါတုံလျက်၊
မတုန်မလှုပ်၊ ကျောက်ဆစ်ရုပ်သို့၊
ဖော်ထုတ်မမျှ၊ မယ့်မောင်ငါ့၌၊
နှမမေတ္တာ၊ နည်းလှပါသည်၊
သံဃာတော်မြတ်၊ ကင်းပြတ်တဏှာ၊
ရဟန္တာအား၊ သဒ္ဓါကြည်ဖြူ၊
ပေးလှူပါရ၊ မြတ်ဒါနသည်၊
မဆွအကျိုး ရှိသည်တည်း။ ။

(၁၀) စောင်းသံ
တကိုယ်လုံးချော၊ လှမျိုးရောဝေ၊
နတ်မေနှမ ...
မယ့်မောင်ငါ့မှာ၊ တာဒိသုမြတ်၊
ရှိအပ်ဂုဏ်အင်၊ ရဟန္တာရှင်၌၊
အကြင်ကောင်းမှု၊ ပြုခဲ့ပြုအပ်၊
ရှိလတ်ပေသည်၊ မသွေယခု၊
ထိုကောင်းမှု၏၊ ကုသိုလ်ကြောင့်ပေ၊
နှမမေနှင့်၊ မသွေအတည်၊
ရွှေလည်ဖက်နွှဲ၊ လက်တော်ဆွဲ၍၊
ခပဲရောယု၊ အကျိုးစုကို၊
ယခုခံစားရပါစေ။ ။

(၁၁) စောင်းသံ
တကိုယ်လုံးလှ၊ ဝစ္ဆသဟု၊
နာမခေါ်ပေ၊ ချစ်ဆွေနှမ ...
မယ့်မောင်ငါ့တွင်၊ ဤမြေပြင်၌၊
အကြင်ကောင်းမှု၊ ပြုခဲ့ပြုအပ်၊
ရှိလတ်ပေသည်၊ မသွေယခု၊
ထိုကောင်းမှု၏၊ အစုကုသိုလ်၊
မျှဝေလိုယူ၊ အတူတကွ၊
ချစ်နှမနှင့် ...
တူမျှခံစားရပါစေ။ ။

(၁၂) စောင်းသံ
သူရိယဝစ္ဆ၊ အမည်ရသည့်၊
နှမချစ်ဆွေ၊ အို နတ်မေ ...။
ရင့်ပေပညာ၊ မြတ်သာကီဝင်၊
ဈာန်လျင်သတိ၊ မြတ်ဖြစ်ရှိသား၊
မြတ်ဘုရားသည်၊ များစွာမြင့်ကြာ၊
သံသရာလုံး၊ နိဗ္ဗာန,မြေ၊
ရှာမှီးနေရင်း၊ ထွေထွေကျင်လည်၊
နေဝယ်ဘိသို့၊ ထို့အတူစွာ၊
မယ့်မောင်ငါသည်၊ ဝေဆာပွင့်မြ၊
အလှဆန်းကြယ်၊ နတ်မိမယ်ကို၊
ချစ်ဖွယ်အတွေ့၊ ရင်ငွေ့ပန်းမှုံ၊
လှုံရပါကြောင်း၊ နေ့ရက်ပေါင်းကြာ၊
အောက်မေ့ရှာကြံ၊ ခါခါဖန်တည်၊
ကျင်လည်သွားလာ၊ မြင့်ကြာလှပြီ။ ။

(၁၃) စောင်းသံ
အင်္ဂါငါးပါး၊ လက္ခဏာများနှင့်၊
မခြားပြည့်စုံ၊ ကုံလုံကြွယ်ဝ၊
ချစ်နှမ ...
ဗုဒ္ဓမြတ်စွာ၊ ဘဂဝါရှင်၊
သဗ္ဗညုတ၊ ဉာဏ်တော်ရသော်၊
နှစ်သက်တော်မူ၊ မျက်လှော်ပီတိ၊
ရွှန်းဖိထိသို့၊ အတိတူစွာ၊
မယ့်မောင်ငါသည်၊ မကွာနှမ၊
နတ်မယ်လျနှင့်၊ တူမျှရွှင်ပျော်၊
ပေါင်းဖော်ရမူ၊ အယူချစ်မက်၊
နှစ်သက်ရွှင်ဖိန်း၊ ရှိန်းရအံ့တကား။ ။

(၁၄) စောင်းသံ
သူရိယဝစ္ဆ၊ နာမဆန်းကြယ်၊
နတ်မိမယ် ...
အကယ်၍ငြား၊ ဘိုးသိကြားက၊
သနားချီးမြှင့်၊ စည်းစိမ်တင့်ရာ၊
ဝတိံသာနှင့်၊ နတ်ရွာနှစ်ထပ်၊
စည်းစိမ်မြတ်ကို၊ တပ်အပ်မသွေ၊
ပေးခဲ့ချေမူ၊ မယူလိုပါ၊
မယ့်မောင်ငါသည်၊ လျင်စွာတားမြစ်၊
ပယ်ရှားပစ်လိမ့်၊ သင်ချစ်နှမ၊
နတ်မယ်လျသာ၊ ငါ့မှာတပ်မက်၊
ရမ္မက်ယစ်ပိုး၊ ချစ်နှောင်ကြိုးသည်၊
ထုပ်ပိုးရစ်ပတ်၊ မပြတ်နိုင်ဘဲ၊
ခိုင်မြဲလေစွ ချစ်နှမ။ ။

(၁၅) စောင်းသံ
လောကွတ်ပျူငှာ၊ အရာရာ၌၊
လိမ္မာတတ်သိ၊ ဉာဏ်မြင်ရှိလှ၊
ချစ်နှမ ...
အဘနတ်မင်း၊ မယွင်းတူစွာ၊
လက္ခဏာနှင့်၊ ပြင်လျာပြည့်စုံ၊
ကုံလုံကြွယ်သီး၊ ရှုမငြီးသည့်၊
သမီးရတနာ၊ ဖြစ်ပါချေ၏။
မသွေမလပ်၊ မပြတ်ပွင့်ထယ်၊
နတ်မိမယ်တို့၊ စံပျော်ပျို့သည့်၊
မြို့၏အနီး၊ ပင်ကြီးခန်းဝင်၊
အင်ကြင်းပင်နှင့်၊ အသင့်တူစွာ၊
ပမာမှတ်ပြု၊ တိမ္ဗရုဟု၊
ခေါ်ပြုဆိုငင်၊ အမည်တွင်သည့်၊
သင်နတ်မယ်လျ၊ ဘခမည်းတော်၊
နတ်မင်းကျော်အား၊ ခတွားဝပ်ငင်၊
ပဉ္စသီခ၊ မည်ရသညာ၊
မယ့်မောင်ငါသည်၊ လျင်စွာချီးမွမ်း၊
ရွှင်မောလျှမ်းမြ၊
ဦးချရိုကျိုး၊ ရှိခိုးပါ၏။ ။

စောင်းညှို့သံချီ လင်္ကာစီ၍ ကိုတော့ ဒီကဗျာနဲ့ပဲ အဆုံးသတ်လိုက်ပြီ ခင်ခင်ရေ ... ပဉ္စသီခနတ်သားလေးနဲ့ သူရိယဝစ္ဆသာ နတ်သမီးလေးတို့လည်း အခုအချိန်ထိ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေထိုင်ကြတုန်းပဲ ရှိဦးမှာပါ ...
ပုံပြင်လေးကတော့ ဒါပါပဲကွယ် ...

အားလုံးပဲ ကျေးဇူးပါခင်ဗျာ ...
ဟယ်ရီ

Read More...